February 25, 2018

ဂျပန်နိုင်ငံမှာ ပညာသင်ကြားလိုသူများအတွက် လမ်းညွှန်

ဂျပန်နိုင်ငံမှာ ပညာသင်ကြားလိုသူတွေအတွက် ဂျပန်နိုင်ငံရဲ့ပညာရေးနဲ့ ဂျပန်ဘာသာစကားကို ဘယ်လိုလေ့လာရမယ်ဆိုတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ပထမဦးစွာအနေနဲ့ ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (EJU) အကြောင်းကို ပြောပြပေးချင်ပါတယ်။

ဂျပန်နိုင်ငံ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (EJU) (JASSO)

ဂျပန်နိုင်ငံ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (EJU) ဆိုတာဟာ ဂျပန်နိုင်ငံရဲ့ တက္ကသိုလ် ပထမဘွဲ့သင်တန်းကို တက်ရောက်လို သူတွေအတွက် ဂျပန်ဘာသာ အရည်အချင်းနဲ့ အခြေခံပညာအရည်အချင်း (သိပ္ပံ၊ အထွေထွေဘာသာရပ်၊ သင်္ချာ) တွေကို စစ်ဆေးတိုင်းတာတဲ့ စာမေးပွဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ နိုင်ငံပိုင်တက္ကသိုလ်အားလုံးနီးပါက ကျောင်းဝင်ခွင့်စာမေးပွဲမှာ ဂျပန်နိုင်ငံတက္ကသိုလ် ဝင်ခွင့်စာမေးပွဲ (EJU) ရဲ့ရမှတ်ကို အသုံးပြုနေကြပါတယ်။

ဒီဝင်ခွင့်စာမေးပွဲကို အသုံးပြုနေတဲ့ ကျောင်းအရေအတွက် စုစုပေါင်း ၇၄၂ ကျောင်းရှိပါတယ်။ တက္ကသိုလ် ၄၃၁ ခု၊ ကောလိပ် ၈၄ ခု၊ ဘွဲ့လွန်ကောလိပ် ၅၄ ခု၊ နည်းပညာကောလိပ် ၅၁ ခု၊ အသက်မွေးဝမ်းကျောင်း ၁၂၂ ခုတွေဖြစ်ပါတယ်။

နှစ်စဉ် ဇွန်လနဲ့ နိုဝင်ဘာလတွေမှာ စာမေးပွဲကိုကျင်းပပါတယ်။

ဂျပန်ဘာသာစကားမလိုအပ်ဘဲတက်ရောက်နိုင်တဲ့ ပရိုဂရမ်တွေလည်း ရှိပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ ပို့ချတဲ့အတန်းတက်ခြင်း တစ်မျိုးတည်းနဲ့ ဒီဂရီရရှိနိုင်တဲ့ ပရိုဂရမ်တွေ၊ ကျောင်းဝင်ခွင့် စာမေးပွဲမှာ ဂျပန်ဘာသာအရည်အချင်းရှိရန် လိုအပ်တဲ့အတန်းကို တက်ရောက်ရန် လိုအပ်တဲ့ ပရိုဂရမ်တွေလည်း ရှိပါတယ်။ Degree program in English, Degree Program for International Students, English-Based Degree Programs တွေပဲဖြစ်ပါတယ်။ တက္ကသိုလ်တွေနဲ့ ဘွဲ့လွန်တက္ကသိုလ်တွေမှာ အင်္ဂလိပ်ဘာသာနဲ့သာ သင်ယူပြီး ဘွဲ့ရနိုင်တဲ့ ပရိုဂရမ်တွေရှိပေမဲ့ နည်းပညာ ကောလိပ်တွေနဲ့ အသက်မွေး ပညာသင်ကျောင်းတွေမှာတော့ အင်္ဂလိပ်ဘာသာသင်ယူပြီး တွဲဖက်ဒီဂရီနဲ့ ဒီပလိုမာဘွဲ့ရနိုင်တဲ့ ပရိုဂရမ်တွေတော့ မရှိပါဘူး။

အသေးစိတ် အချက်အလက် တွေကိုတော့ https://www.jpss.jp/en/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဂျပန်အစိုးရနှင့် ပုဂ္ဂလိကအသင်းတွေရဲ့ ပညာသင်ဆုများ အကြောင်း

ဂျပန်နိုင်ငံတွင် ပညာသင်ကြားလိုသူတွေအတွက် ဂျပန်နိုင်ငံအစိုးရ (ပညာရေး၊ ယဉ်ကျေးမှု၊ အားကစားနှင့် နည်းပညာဝန်ကြီးဌာန) ပညာသင်ဆု၊ ဂျပန်နိုင်ငံကျောင်းသားများ ထောက်ပံ့ရေးအသင်း (JASSO) ပညာသင်ဆု၊ ဒေသန္တရအစိုးရ နိုင်ငံတကာကူးလူး ဆက်ဆံရေးအသင်းများ ပညာသင်ဆု၊ ပုဂ္ဂလိကပညာသင်ဆု အသင်းများပညာသင်ဆု၊ ဂျပန်နိုင်ငံသို့မလာမီ လျှောက်နိုင်သော ပညာသင်ဆုတွေပဲ ဖြစ်ပါတယ်။

ပညာသင်ဆုလျှောက်ထားတဲ့အခါ များသောအားဖြင့် ကျောင်းတက်ပြီးမှ လျှောက်နိုင်တဲ့ ပညာသင်ဆုတွေများပါတယ်။

ဂျပန်နိုင်ငံတွင် ပညာသင်ကြားရန် ကုန်ကျမည့်စရိတ်များ

ကျောင်းဝင်ခွင့် လျှောက်လွှာမတင်မီ ကုန်ကျမယ့်စရိတ်တွေကတော့

– စာမေးပွဲတွေအတွက် စာမေးပွဲကြေး (EJU, JLPT, TOEFL အစရှိသော စာမေးပွဲတွေအတွက် )

– ကျောင်း၏ ဝင်ခွင့်စာမေးပွဲကြေး

– ကျန်းမာရေးစစ်ဆေးခ

– ဝင်ခွင့်လျှောက်လွှာပို့ခ

– ကျောင်းဝင်ကြေး

– ပထမနှစ်အတွက် ပညာသင်စရိတ်

– ခရီးစရိတ်

– နေထိုင်စရိတ်

– စာအုပ်စာတမ်းကြေး

– ဗီဇာကြေး အစရှိတဲ့ ကုန်ကျစရိတ်တွေလည်း ရှိပါတယ်။

ဂျပန်နိုင်ငံ 30th Asian – Pacific Children’s Convention in FUKUOKA (APCC) အတွက် လျှောက်လွှာခေါ်ယူ
မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) မှ ဂျပန်နိုင်ငံ ဖူကူအိုကာမြို့မှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၂ ရက်မှ ၂၄ ရက် အထိ
ကျင်းပမယ့် 30th Asian – Pacific Children’s Convention in FUKUOKA (APCC) အတွက် လျှောက်လွှာများ ခေါ်ယူနေပြီဖြစ်တယ်လို့ သိရပါတယ်။

ကျောင်းသားလူငယ်များကို ရွေးချယ်စေလွှတ်မှာဖြစ်ပြီး စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားသူအနေနဲ့ မြန်မာ
နိုင်ငံသားဖြစ်ပြီး စက်တင်ဘာ ၁ ရက်၊ ၂၀၀၆ ခုနှစ်နဲ့ သြဂုတ်လ ၃၁ ရက်၊ ၂၀၀၇ ခုနှစ်အတွင်း မွေးဖွားသူ၊ အခြေခံပညာကျောင်း သို့မဟုတ် အခြေခံပညာကျောင်းနှင့် အဆင့်တူကျောင်းတွင် ပညာသင်ယူဆဲဖြစ်ပြီး ကျောင်းအဆင့် ထူးချွန်သူ၊ စည်းကမ်းလိုက်နာတတ်သူ၊ အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုနိုင်သူ၊ ကျန်းမာကြံ့ခိုင်သူ၊ မိဘအုပ်ထိန်းသူနဲ့ ၂ ပတ်ခန့်ခွဲပြီး နေထိုင်တတ်ကာ ဂျပန်နိုင်ငံရှိ ဒေသခံမိသားစုများနဲ့ နေထိုင်နိုင်စွမ်း ရှိရမှာဖြစ်ပြီး သက်ဆိုင်ရာကျောင်းမှ ထောက်ခံချက် တင်ပြရန်လိုအပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ရွေးချယ်ခံရပါက (MAJA) အသင်းမှ လိုအပ်တဲ့ သင်ကြားလေ့ကျင့်မှုများ ပြုလုပ်ပေးသွားမှာဖြစ်သလို လူတွေ့ စစ်ဆေးတဲ့နေ့မှာ Passport Copy တင်ပြရမှာဖြစ်ပါတယ်။

လျှောက်လွှာတွေကို ဇန်နဝါရီလ ၂၂ ရက်မှ ဖေဖော်ဝါရီလ ၉ ရက်အထိ ရုံးချိန်အတွင်း မိဘ (သို့) အုပ်ထိန်းသူလိုက်ပါပြီး လျှောက်ထားရ
မှာဖြစ်တယ်လို့သိရပါတယ်။ အသေးစိတ်သိရှိလိုပါက Myanmar Association of Japan Alumni (MAJA) ၀၉- ၂၆၂၆၀၂၁၂၁၊ ၀၉- ၄၂၈၆၁၂၁၅၁ သို့ ဆက်သွယ် စုံစမ်းနိုင်မှာဖြစ်ပါတယ်။

ဂျပန်ပညာသင်ဆုများ

အိအုချိ ပညာတော်သင်ထောက်ပံ့ကြေးဖောင်ဒေးရှင်းမှ နှစ်စဉ်ခေါ်ယူလေ့ရှိတဲ့ ပညာသင်ဆု အိအုချိပညာတော်သင် ထောက်ပံ့ကြေးဖောင်ဒေးရှင်း (Iuchi Charitable Trust Schlorship for International Students in Japan) မှ ၂၀၁၈ ခုနှစ် ဧပြီလအတွက် ကျောင်းသား ၁၀ ဦးကို ပညာတော်သင် ထောက်ပံ့ကြေး ပေးအပ်သွားမယ်လို့ သိရပါတယ်။ အိအုချိ ပညာတော်သင် ထောက်ပံ့ကြေး ဖောင်ဒေးရှင်းရဲ့ ပညာတော်သင် ထောက်ပံ့ကြေးဟာ ဂျပန်နိုင်ငံရဲ့တက္ကသိုလ်တွေမှာ ပညာသင်ယူဖို့နဲ့ Japan  Student Services Organization (JASSO) ရဲ့ ဂျပန်စာသင်ကျောင်း တစ်ကျောင်းဖြစ်တဲ့ Osaka Japanese Language Education Center မှာ ဂျပန်စာသင်ကြားလိုသူတွေ အတွက်ဖြစ်ပါတယ်။ ဖောင်ဒေးရှင်းက သတ်မှတ်ထားတဲ့ ရှိဂပြည်နယ်၊ ကျိုတိုပြည်နယ်၊ နာရာပြည်နယ်၊ အိုဆာကာပြည်နယ်၊ ဟျိုးဂိုးပြည်နယ်၊ ၀ါကာယာမာပြည်နယ်တွေက နိုင်ငံတော်အစိုးရတက္ကသိုလ်တွေနဲ့ အိုကာယာမာတက္ကသိုလ်၊ ခန်းဆေးဂကုအင်းတက္ကသိုလ်၊ လစ်စုမဲကန်တက္ကသိုလ်၊ လစ်စုမဲကန်အာရှပစိဖိတ်တက္ကသိုလ်၊ ဒိုးရှိရှတက္ကသိုလ်၊ ခန်းစိုင်းတက္ကသိုလ်တွေမှာ တက်ရောက်ရမှာဖြစ်ပါတယ်။ သင်ယူမယ့် ဘာသာရပ်နဲ့ ကုန်ကျစရိတ်အပေါ် မူတည်ကာ ခြွင်းချက်အနေနဲ့ အဆိုပါတက္ကသိုလ်တွေအပြင် ကင်းကီဒေသအတွင်းက အခြားတက္ကသိုလ်တွေကိုလည်း ဆက်လက်တက်ရောက်ခွင့် ရမှာဖြစ်ပါတယ်။

ပညာတော်သင် ထောက်ပံ့ကြေးပေးမယ့် ကာလကတော့ ၂၀၁၇ ခုနှစ် အောက်တိုဘာလ (ယာယီ) ကနေ ၂၀၂၄ ခုနှစ် မတ်လထိဖြစ်ပါ
တယ်။ သတ်မှတ်ထားတဲ့တက္ကသိုလ်တွေထဲကမှ ဂျပန်အစိုးရတက္ကသိုလ် ဖြစ်ခဲ့ရင် ဆေးတက္ကသိုလ်၊ သွားဆေးတက္ကသိုလ်၊ တိရစ္ဆာန်ဆေးကုတက္ကသိုလ်၊ ခြောက်နှစ်သင် ဆေးဝါးဗေဒ အထူးပြုတက္ကသိုလ်ကို ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါကျောင်းသားတွေကိုတော့ ၂၀၂၆ ခုနှစ်  မတ်လထိ ပညာသင်ဆုပေးအပ်မှာဖြစ်ပါတယ်။ လျှောက်ထားသူတွေဟာ မြန်မာနိုင်ငံသားဖြစ်ရမှာဖြစ်ပြီး ၁၉၉၉ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အတွင်း မွေးဖွားသူတွေသာ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် မတ်လ သို့မဟုတ် ၂၀၁၇ ခုနှစ် မတ်လတွင်း ဂျပန်နိုင်ငံ အထက်တန်းကျောင်းနဲ့ ညီမျှတဲ့ကျောင်း (တက္ကသိုလ်ဝင်စာမေးပွဲ) အောင်မြင်ပြီးသူတွေ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၄ ဘာသာနဲ့အထက် ၇၅ မှတ်ရရှိသူ (သို့) ခြောက်ဘာသာ စုစုပေါင်းရမှတ် ၄၅၀ နဲ့အထက် ရရှိထားသူဖြစ်ရမှာပါ။ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ မတ်လအထိ ဂျပန်နိုင်ငံသို့ မသွားခင်အတွင်းဖောင်ဒေးရှင်းမှ သတ်မှတ်တဲ့ ရန်ကုန်မြို့ရှိကျောင်းကို တက်ရောက်နိုင်သူ၊ ၂၀၁၈ ခုနှစ် မတ်လ ၂၀
ရက်မှ ဧပြီလ ၇ ရက်အတွင်း ဂျပန်နိုင်ငံသို့ သွားရောက်နိုင်သူတွေ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ပညာသင်ဆုလျှောက်ထားရာမှာ ရေးဖြေနဲ့နှုတ်ဖြေစာမေးပွဲတွေ ဖြေဆိုရမှာဖြစ်ပြီး ရေးဖြေစာမေးပွဲမှာ အင်္ဂလိပ်စာနဲ့ သင်္ချာ ၂ ဘာသာဖြေဆိုရမှာဖြစ်ပါတယ်။ လက်ရေးနဲ့ဖြည့်ထားတဲ့ လျှောက်လွှာမူရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ မိတ္တူ၊ ကျောင်းသားကတ်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ဆရာ၊ ဆရာမတစ်ဦးဦးရဲ့ထောက်ခံစာမူရင်း၊ ၁၀  တန်းစာမေးပွဲ အောင်လက်မှတ်မိတ္တူ၊ ၁၀ တန်းအမှတ်စာရင်းမိတ္တူတွေကို တင်ပြရမှာဖြစ်ပါတယ်။

လျှောက်လွှာတွေကို OJEC ကျောင်းသား၊ ကျောင်းသူဟောင်းများအသင်းရုံးခန်း၊ ဖုန်း – ၀၉၇၈၅၁၅၆၅၈၂၊ ၀၉၂၆၃၆၈၆၆၅၁ မှာတင်
ရမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို ၀၉- ၄၂၀၀၈၂၂၅၅၊ ၀၉-၇၈၅၁၅၆၅၈၂ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Waseda တက္ကသိုလ်မှ မြန်မာကျောင်းသားများအတွက် ခေါ်ယူသော ပညာသင်ဆု

Waseda တက္ကသိုလ်မှ မြန်မာကျောင်းသားများအတွက် ဘွဲ့လွန်တက္ကသိုလ် မဟာတန်းနဲ့ ပါရဂူတန်းအတွက် ခေါ်ယူခြင်းဖြစ်ပါတယ်။
အင်္ဂလိပ်ဘာသာ သို့မဟုတ် ဂျပန်ဘာသာဖြင့်သင်ယူနိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။

စိတ်ပါဝင်စားသူများအနေနဲ့ http://bit.ly/2BJXswW မှာအသေးစိတ် ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါတယ်။ ဂျပန်နိုင်ငံမှာ ပညာသင်ဖို့ ရည်ရွယ်ထားသူတွေအတွက် အထူးအခွင့်အရေး တစ်ရပ်ဖြစ်ပါတယ်။

Japanese government (Monbukagakusho:MEXT) Scholarships

ဂျပန်နိုင်ငံရဲ့ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစားသိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (The Ministry of Education, Culture, Sports, Science and Technology of the Japanese Government) ကပေးတဲ့ ပညာသင်ဆုဖြစ်ပါတယ်။ ပညာသင်ဆု လျှောက်ထားလိုသူတွေဟာ မြန်မာနိုင်ငံရှိ ဂျပန်သံရုံးမှတစ်ဆင့် သို့မဟုတ် ဂျပန်နိုင်ငံတက္ကသိုလ်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး လျှောက်ထားရပါတယ်။

အသေးစိတ်လေ့လာလိုသူတွေအနေနဲ့ – http://bit.ly/2fxOlbq မှာ လေ့လာနိုင်ပါတယ်။

Japanese Student Services Organization (JASSO) Scholarships

ဂျပန်တက္ကသိုလ်တွေကတစ်ဆင့်လျှောက်ထားရတဲ့ ပညာသင်ဆုဖြစ်ပြီး ကာလရှည်၊ ကာလတိုပညာသင်ဆုတွေကို ချီးမြှင့်လေ့ရှိပါ
တယ်။

အသေးစိတ်လေ့လာလိုသူတွေအနေနဲ့ – http://bit.ly/2fxOlbq မှာ လေ့လာနိုင်ပါတယ်။

Local goverments/ Local International Associations Scholarships

ဂျပန်နိုင်ငံအတွင်းမှာရှိတဲ့ သက်ဆိုင်ရာဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံတကာဆက်ဆံရေးအဖွဲ့အစည်းတွေကနေ ကမ်းလှမ်းတဲ့ ပညာသင်ဆုဖြစ်ပါတယ်။ ဒေသအလိုက် မိမိတက်ချင်တဲ့မြို့အလိုက် သက်ဆိုင်ရာဒေသအစိုးရက ကမ်းလှမ်းတဲ့ပညာသင်ဆု ဖြစ်ပါတယ်။

အသေးစိတ်လေ့လာလိုသူတွေအနေနဲ့ – http://bit.ly/2fxOlbq မှာ လေ့လာနိုင်ပါတယ်။

Private Foundations Scholarships

ပုဂ္ဂလိကကုမ္ပဏီများ၊ အဖွဲ့အစည်းများမှကမ်းလှမ်းတဲ့ ပညာသင်ဆုတွေဖြစ်ပြီး စာရင်းပြုစုထားချက်အရ အဖွဲ့အစည်း (၁၀၀) ကျော်အထိ ရှိပါတယ်။ ပညာသင်ဆုတွေနဲ့ ပတ်သက်ပြီး- http://bit.ly/2fxOlbq မှာ အသေးစိတ်ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

Japan Internatioanal Cooperation Agency (JICA) ရဲ့ပညာသင်ဆု အစီအစဉ်တစ်ခုဖြစ်တဲ့ AUN/SEED-NET ပညာသင်ဆုအနေနဲ့ အာဆီယံနဲ့ ဂျပန်နိုင်ငံတက္ကသိုလ်တွေမှာ မဟာဘွဲ့၊ ပါရဂူဘွဲ့တက်ရောက်ဖို့အတွက် ပညာသင်ဆုတွေကို ကမ်းလှမ်းထားပါတယ်။ ပညာသင်ဆု လျှောက်ထားရန် လမ်းညွှန်များ၊ လျှောက်လွှာပုံစံများအားလုံးကို http://bit.ly/2FzQInr မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။

Japanese Grant Aid for Human Resources Development

Scholarship (JDS) ပညာသင်ဆု မြန်မာနိုင်ငံ အစိုးရဝန်ထမ်းများသာမက ပြင်ပလူငယ်များကိုလည်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှတစ်ဆင့် ပညာသင်ဆုချီးမြှင့်လေ့ရှိပါတယ်။ နည်းပညာတက္ကသိုလ်မှ ဘွဲ့ရပြီးလူငယ်များအနေနဲ့ မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်း ဝင်ထားခြင်းဖြင့် ပညာသင်ဆုအခွင့်အရေးများ ရရှိနိုင်ပါတယ်။ ပညာသင်ဆုနဲ့ ပတ်သက်လို့ အသေးစိတ်ကို http://bit.ly/2GCTrOy မှာ ဖော်ပြထားပါတယ်။

ဂျပန်မှာ ပညာသင်ချင်သူများအတွက် အကြံပြုချက်

ဒေါ်မိုမိုစံ Myanmar Association of Japan Alumni (MAJA) (အထွေထွေအတွင်းရေးမှူး)

ဂျပန်မှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်မဟုတ်ဘဲ ဂျပန်ဘာသာစကားသင်တန်းကျောင်းကို သွားတက်မယ်ဆိုရင် N3 Level လောက်အထိ သင်ယူပြီးမှသွားတာ ကောင်းပါတယ်။ အဲ့ဒါမှ ဂျပန်မှာ ဂျပန်စာကို ၁ နှစ် ၂ နှစ်လေ့လာပြီးရင် N2, N1 Level လောက်ကို ရောက်မှာဖြစ်ပါတယ်။ အဲ့ဒီလို N2, N1 Level လောက်ရောက်မှ ကောင်းမွန်ပြီး အဆင့်မြင့်တဲ့ တက္ကသိုလ်ကောလိပ်ကို ဝင်ခွင့်ရနိုင်မှာ ဖြစ်ပါတယ်။ အဆင့်မြင့်ပြီး နာမည်ရှိတဲ့တက္ကသိုလ်၊ ကောလိပ်ကို ဝင်ခွင့်ရမယ်ဆိုရင် Scholarship ရဖို့အခွင့်အလမ်းများပါတယ်။ Scholarship တွေအနေနဲ့ လျှောက်ထားမယ်ဆိုရင် MEXT Scholarship လျှောက်ထားနိုင်ပါတယ်။ MEXT Scholarship နဲ့ဆိုရင် English ဘာသာနဲ့လည်း ရပါတယ်။ သူက ဧပြီလလောက်ဆိုခေါ်လေ့ရှိပါတယ်။ တစ်နှစ်တစ်ကြိမ်တော့ ခေါ်လေ့ရှိပါတယ်။ ကျောင်းသွား တက်ကျရင်အများစုက IT, Business ဘာသာရပ်တွေကို အတက်များပါတယ်။ Degree ပြီးသွားရင်တော့ လုပ်ငန်းခွင် ဝင်ရောက်နိုင်တဲ့အတွက် အလုပ်ကောင်းကောင်းရမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် N4, N5 Level လောက်နဲ့ ဂျပန်ကိုပညာသင်မသွားဘဲ မြန်မာနိုင်ငံမှာ N3 Level လောက်အထိ သင်ယူပြီးမှသွားကြဖို့ တိုက်တွန်းလိုပါတယ်။

ဒေါ်အိခိုင်စိုး Tokyo Ichiban Japanese Language Centre (ကျောင်းအုပ်ကြီး)

ဂျပန်မှာပညာသင်ကြားဖို့အတွက်က ဂျပန်စာတတ်ထားဖို့ လိုအပ်ပါတယ်။ တက္ကသိုလ်တွေ ကနေ ကျောင်းပြီးသွားတာနဲ့ အပြင်ကနေ ဂျပန်စာသင်ပြီးသွားတာနဲ့ နှစ်မျိုးရှိပါတယ်။ နိုင်ငံခြားဘာသာသင် တက္ကသိုလ်ကို ပြောတာပါ။ ဂျပန်စာက အခြေခံကနေအဆင့်မြင့်အထိ N5, N4, N3, N2, N1 ဆိုပြီး level လေးတွေခွဲထားတာရှိပါတယ်။ သံရုံးစာမေးပွဲလို့ လူသိများနေတဲ့ JLPT စာမေးပွဲလက်မှတ် N5 ရရင် ကျောင်းလျှောက်လို့ရပါတယ်။ အခုအပြင်မှာခေတ်ထနေတာ အဲ့လိုသွားကြတာပါ။ တကယ်တမ်းက N3 လောက်ထိသင်ပြီးမှ သွားသင့်တာပါ။ N2 Level အောင်မြင်ပြီးသားဖြစ်မယ်၊ ဂျပန်နိုင်ငံက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုထားမှသာ ကောလိပ်တို့၊ တက္ကသိုလ်တို့လျှောက်လို့ရတာပါ။ ဂျပန်မှာကျောင်းသွားတက်ကျတော့ အများစုကတော့ စီးပွားရေးဘာသာရပ်တွေ၊ ဗိသုကာပညာတွေကို တက်တာများတယ်။ ဂျပန်နိုင်ငံမှာပညာသွားသင်မယ်ဆိုရင် စိတ်ဓာတ်ခိုင်မာဖို့က အရမ်းအရေးကြီးပါတယ်။ အရမ်းပင်ပန်းတယ်။ အစ်မတို့နိုင်ငံမှာ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်တာမရှိဘူးလေ။ ဟိုမှာက အလုပ်လည်း လုပ်ကျောင်းလည်းတက်ကတော့ ပင်ပန်းမှုဒဏ်ကို မခံနိုင်ကြဘူး။ အေးလည်းအေးတော့ ကျန်းမာရေး အရမ်းဂရုစိုက်ရတယ်။ အများနဲ့မတူတဲ့ အတွေ့အကြုံနဲ့ ရင့်ကျက်မှုကတော့ ရရှိလာမှာပါ။

-သန္တာ၊ ဝေဝေ